ရစူလ်တမန်တော် မိုဟမ္မဒ်(စွ)

(၁)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

ကျွန်တော့်ရဲ့လေးစားချစ်ခင်အပ်ပါသော သာသနာ့ညီအစ်ကိုတော်၊ ညီအစ်မတော်များရဲ့ သာသနာ့ “အသိ” တိုးပွါးစေလိုသော ရည်ရွယ်ချက်မွန် နဲ့ ဤ “မုဟမ္မဒုရ်ရစူလုလ္လာဟ်”(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အခန်းဆက် ပို့စ်ကို စတင်ရေးသားရခြင်း ဖြစ်ပါတယ်။ဒီခေါင်းစဉ်ဟာ ကျွန်တော်တို့ အလွန်အင်မတန်ချစ်ကြည်မြတ်နိုးကြတဲ့ စကြဝဠှာခပ်သိမ်း၊လောကခပ်သိမ်း အတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ခြင်းခံရတော်မူသောကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့ ဘိုင်အိုဂရာဖီ ကို ကျွန်တော်သိသမျှ ၊လက်လှမ်းမှီသမျှ ထဲက ကောက်နှုတ် ရေးသားခြင်းပါ။ ကိုယ်တော်မြတ်ရဲ့ အင်မတန်မြင့်စွင့်လှစွာသော ဘဝ နဲ့ စာရိတ္တ တော်ကို အပြည့်အစုံ ဖော်ကြူးနိုင်ဖို့ ကျွန်တော့်ရဲ့ ကလောင်သွားမှာအင်အား စွမ်းပကားလုံးဝမရှိပါဘူး။ အဲဒီ အတွက် ကျွန်တော့်အရေးအသားတွေမှာအမှားအယွင်း လိုအပ်ချက်များရှိခဲ့လျှင်၊ ကျွန်တော့်ရဲ့အားနည်းချက် သက်သက်သာဖြစ်ပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်စေ၊ မရှင်းလင်းသောအချက်တစ်ခုခု ဖြစ်စေ၊ မြင်တွေ့မိပါက စာရှု “အသိ” ယူသူ ညီအစ်ကိုတော်၊ ညီအစ်မတော်များအနေနဲ့ ကျွန်တော့်အား ပြုပြင်ပေးစေလိုပါတယ် လို့မေတ္တာရပ်ခံရင်း…………

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသောအလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

အလ္လ္လာဟုမ္မဆွလ္လိအလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဆွလ်လိုင်သ၊အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိ အိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

အလ္လ္လာဟုမ္မ ဗားရိက်၊ အလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဗားရတ်က်သ၊အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိအိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ်

ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုးစဉ်ဆက်မှတ်တမ်းတင်ခြင်းသည် အာရေဗျလူမျိုးတို့၏ အဝန်းအဝိုင်းတွင် အလွန်အရေးပါသောအမှုတစ်မှုဖြစ်သည့်အလျောက်၊ ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ မျိုးရိုးဆင်းသက်ပုံသည်လည်း တိကျသေသပ်စွာမှတ်တမ်းတင်ထားခြင်းခံခဲ့ ရပေသည်။ ကိုယ်တော်မြတ် သည် တမန်တော်ကြီး အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်)၏ သားတော်ကြီး တမန်တော်အိစ္စမာအီးလ်(အလိုင်ဟိစ္စလာမ်) မှတစ်ဆင့်ဆင်းသက်လာသူ အရဗ်စစ်စစ်ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုး အစဉ်အဆက်ကို ဖော်ပြရသော်…………….

မုဟမ္မဒ် ဘင်န် အဗ်ဒုလ္လာဟ် ဘင်န် အဗ်ဒုလ် မုသွာလိဘ် ဘင်န် ဟာရှင်မ် ဘင်န် အဗ်ဒုမုနားဖ်ဘင်န် ကုဆိုင်ယ် ဘင်န် ကိလဘ် ဘင်န် မုရ်ရဟ် ဘင်န် ကအဘ် ဘင်န် လုအိယ် ဘင်န် ဂါလိဘ်ဘင်န် ဖိဟ်ရ် ဘင်န် မာလိက် ဘင်န် နာဒိရ် ဘင်န် ကိနာနာ ဘင်န် ခုဇိုင်ယ်မဟ် ဘင်န် မုဒ်ရိကာဘင်န် အိလ်ယားစ် ဘင်န် မုဒရ် ဘင်န် နိဇာရ် ဘင်န် မအဒ် ဘင်န် အဒ်နန်၊ အဒ်နန်သည် တမန်တော်အိစ္စမာအီးလ် မှတစ်ဆင့်ဆင်းသက်လာသူ ဖြစ်သည် ကို ပညာရှင်အားလုံးကအကွဲအလွဲမရှိ လက်ခံထားပေသည်။ ဤသည်ကား ကိုယ်တော်မြတ် ၏ ဖခင်အဆက်အနွယ်တည်း။ကိုယ်တော်မြတ်၏ မိခင်အမည်မှာ အာမိနာ ဖြစ်ပြီး၊ ကိုယ်တော်မြတ်၏ မိခင်ဘက်မှအဘိုး၏အမည်မှာ ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ် ဖြစ်ပေသည်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ လူမျိုးစု

ကိုယ်တော်မြတ်သည် အာရေးဗျပြည်တွင် ဂုဏ်သိက္ခာအရှိဆုံးသော လူမျိုးစု ဖြစ်သည့်ကုရိုက်ရှ် အနွယ်ဝင်ဖြစ်လေသည်။ ကုရိုက်ရှ်သည် ဖိဟ်ရ် ဘင်န် မာလိက် နှင့် နာဒိရ်ဘင်န် ကိနာနာ တို့၏ အပိုဆောင်းနာမည်ဖြစ်သည့်အားလျော်စွာ သူတို့၏သားမြေးတို့သည် နောက်ပိုင်းတွင် “ကုရိုက်ရှ်” ဟုထင်ရှားခဲ့ကြလေသည်။ကုရိုက်ရှ် လူမျိုးစုသည် အာရေးဗျ ကျွန်းဆွယ် တစ်ခွင်လုံးတွင် ဂုဏ်သိက္ခာကြီးမားသော လူမျိုးစုအဖြစ်ရပ်တည်လာခဲ့ကြသည်။ ကုရိုက်ရှ်လူမျိုးစုဝင်တစ်ဦးဖြစ်သောကုဆိုင်ယ် သည် ကုရိုက်ရှ် လူမျိုးတို့၏ ကြီးကျယ်မှုကို ဖြစ်တည်စေခဲ့သော အခန်းကဏ္ဍ များ တွင် အလွန်အရေးပါသော နေရာမှပါဝင်ခဲ့လေသည်။ ကုဆိုင်ယ် ၏အမည်ရင်းမှာ ဇိုင်ဒ် ဖြစ် ပြီး သူ၏ဖခင်ကွယ်လွန်ပြီးနောက် သူ၏ မိခင် ပြောင်းရွှေ့နေထိုင်ရာ ဆီးရီးယားပြည်အနီးရှိ အဇ်ရာ လူမျိုးစု တို့၏ ဒေသတွင် ကြီးပြင်းလာသူဖြစ်ပေသည်။ လုလင်ပျိုအရွယ်သို့ရောက်သောအခါသူသည် မက္ကဟ်မြို့သို့ ပြန်လာခဲ့ပြီး ကအ်ဗဟ်ကျောင်းတော်အုပ်ချုပ်ရေးအခွင့်အာဏာ ကို ပေးအပ်ခြင်းခံခဲ့ရသည်။ ဤမြင့်မားလှသော ရာထူးအဆင့်အတန်းအရ သူအလိုရှိသောအချိန်နှင့် သူအလိုရှိသော သူအား ကအ်ဗဟ် ကျောင်းတော်တံခါးကိုဖွင့်ပေးရန် အာဏာလည်းရရှိခဲ့ပေသည်။ မက္ကဟ်မြို့သို့လာရောက်သော ဘုရားဖူးခရီးသည်များအား မြို့ခံများမှ အစားအသောက်များချက်ပြုတ်ကျွေးမွေး ဧည့်ခံခြင်း၊ ပျားရည်၊ စွန်ပလွန်သီး နှင့် စပျစ်သီးခြောက်များဖြင့် ပြုလုပ်ထားသော အဖျော်ယမကာများတည်ခင်းခြင်း၊စသည့်ဓလေ့တို့ကိုလည်း စတင်ခဲ့သူဖြစ်သည်။ သူသည် ကအ်ဗဟ်ကျောင်းတော်၏မြောက်ဖက်တွင် ဒါရုလ်နဒ်ဝဟ် အမည်ရှိအဆောက်အအုံ
ကြီးတစ်ခုကိုလည်းတည်ဆောက်ခဲ့ပြီး၊ ယင်းအဆောက်အအုံ သည် အရဗ်လူမျိုးစု အသီးသီးတို့၏စည်းဝေးရာ၊ လူမျိုးစုလွှတ်တော်ဌာနေ အဖြစ်လည်းကောင်း၊ လက်ထပ်ပွဲများကျင်းပရာခန်းမဆောင်ကြီးအဖြစ်လည်းကောင်း တည်ရှိခဲ့ပေသည်။

၎င်းပြင် သူသည် ကုရိုက်ရှ်လူမျိုးစု ၏ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး စသည်တို့၏ အခွင့်အာဏာကို ယုံပုံလွှဲအပ်ခြင်း ခံခဲ့ရသူလည်းဖြစ်သည်။ သူ၏ မျိုးချစ်စိတ်ဓာတ် ထက်သန်မှု၊ သဘောထားကြီးမှု၊ ညဏ်အမြှော်အမြင်ကြီးမှုတို့ကြောင့် သူ၏ဦးဆောင်မှုကို မျိုးနွယ်စုဝင်အားလုံးက ကြည်ဖြူကျေနပ်စွာနာခံခဲ့ပြီး နောက်ပိုင်းတွင် ကုရိုက်ရှ်လူမျိုးစုသည် ကျွန်းဆွယ်တစ်လျှောက် ပွါးများ ပြန့်နှံ့လာခဲ့ပေသည်။ဤသည်ကား ကိုယ်တော်မြတ် ၏ မျိုးနွယ်စု “ကုရိုက်ရှ်” အကြောင်း တစ်စေ့တစ်စောင်းပင်။

(၂)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ဗနူဟာရှင်မ် ဟူသော အနွယ်အမည်

ကိုယ်တော်မြတ်၏ အနွယ်အမည်မှာ ဗနူဟာရှင်မ်ဖြစ်သည်။ ကိုယ်တော်မြတ်၏ဘေးတော် ဟာရှင်မ် ကို အစွဲပြု၍ဗနူဟာရှင်မ် (ဟာရှင်မ်၏သားမြေးများ) ဟုတွင်ခဲ့ခြင်းဖြစ်သည်။ ဘေးတော်ဟာရှင်မ် သည် မက္ကဟ်ဘုရားဖူးများကို အိမ်ရှင်အဖြစ် ကြိုဆိုဧည့်ခံတည်ခင်း ရသော တာဝန်ကို နှစ်ခြိုက်စွာ ထမ်းဆောင်ခဲ့ပြီး သူလွန်သောအခါသူ၏ညီ မုသွာလိဘ် က ဤတာဝန်ကိုဆက်လက် ထမ်းဆောင် ခဲ့လေသည်။ မုသွာလိဘ်လွန်သောအခါဟာရှင်မ် ၏သားမြေးများက ဤတာဝန်ကို ပြန်လည်လက် လွှဲယူခဲ့ သည်မှာ ကိုယ်တော်မြတ်၏ ရှရီအသ်အရ အစ္စလာမ် သာသနာပြန်လည် ရှင်သန်လာသည့် ကာလအထိပင်။
အစဉ်အဆက် ကုန်ရောင်းကုန်ဝယ်လုပ်ငန်း လုပ်ကိုင်ကြသည့် ကုရိုက်ရှ်များအတွက် ဆောင်းရာသီ တွင်ယီမင်၊ နွေရာသီတွင် ဆီးရီးယား ဒေသများသို့ ကုန်ခရီးများကို ဟာရှင်မ်ကပင်စီစဉ်ပေးရလေ သည်။ ဤသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုသည် ကုရိုက်ရှ် လူမျိုးစုအတွက် အရေးပါခဲ့ရုံမက၊ အလွန်ပင်အကျိုးကြီးမားခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်က ကုရိုက်ရှ်တို့အပေါ်ပြုပေးသနားတော် မူခဲ့သော ဤသည့် ကျေးဇူးကို ပြန်ပြောင်းသတိရစေရန်အလို့ငှါ ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်၁၀၆ တွင် ကုရိုက်ရှ် တို့၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုခရီးများတွင် အလ္လာဟ်အရှင်မြတ်က စောင့်ရှောက်တော်မူခဲ့သည့်အကြောင်းမိန့်ကြားထားပေသည်။
ဟာရှင်မ် သည် ဆီးရီးယားသို့ ခရီးသွားရာတွင် ယသ်ရိဘ် (နောင်တွင် မဒီနဟ် ဟုတွင်လာသည့်) မြို့ကိုဖြတ်သန်းသွားလေ့ရှိသည်။ ယင်းသို့ဖြတ်သန်းသွားလေ့ရှိရာ၊ တစ်ကြိမ်တွင် ယသ်ရိဘ် အရောက်ဗနူ အဒီ ဘင်န် နဂ်ျဂျာရ် လူမျိုးစုမှ စလ်မာ ဘင်န်သိ အမရ် အမည်ရှိ အမျိုးသမီးနှင့် ထိမ်းမြားခဲ့ပြီးသားတစ်ဦးထွန်းကားခဲ့လေသည်။ ထိုသားငယ်မွေးဖွားစဉ်တွင် ဆံပင်တွင် အဖြူကြား များပါရှိနေသည်ကို အစွဲပြု၍ စလ်မာ ဘင်န်သိ အမရ် သည်သူ၏ သားအား “ရှိုင်ယ်ဗာ” (ဆံဖြူရှင်) ဟုအမည်မှည့်ခဲ့လေသည်။ ဟာရှင်မ် သည် ယသ်ရိဘ် မြို့မှ ပြန်ခါနီးတွင် သူ၏ ဇနီးသည်ဖြစ်သူ စလ်မာ ဘင်န်သိ အမရ်သည် “ရှိုင်ယ်ဗာ” အားကိုယ်ဝန်လွယ်ထားဆဲပင် ရှိနေခဲ့သည်။ ဟာရှင်မ် သည် မက္ကဟ်သို့ပြန်ရောက်ပြီး ကွယ်လွန်သွားလေခဲ့ရာ၊ ဟာရှင်မ်၏သား “ရှိုင်ယ်ဗာ” ၏မွေးဖွား ခြင်းနှင့်ပတ်သတ်၍ ဟာရှင်မ်၏ဆွေမျိုးတစ်ဦးတစ်ယောက်မှ မသိလိုက်ရပေ။
ဟာရှင်မ်ကွယ်လွန်ပြီးရှစ်နှစ်ခန့် ကြာတော့မှသာလျှင် ဟာရှင်မ်၏ညီ မုသွာလိဘ်သည်”ရှိုင်ယ်ဗာ” သည် ဟာရှင်မ်၏သားဖြစ်သည်ဟူသောအချက် အားစုံစမ်းမိလေတော့သည်။ ၎င်းနောက် မုသွာလိဘ်သည် သူ၏ အစ်ကိုသားဖြစ်သူ “ရှိုင်ယ်ဗာ” အားမက္ကဟ်မြို့သို့ခေါ်ဆောင်ခဲ့လေသည်။ မုသွာလိဘ် နှင့် ရှိုင်ယ်ဗာ တို့နှစ်ဦး မက္ကဟ်မြို့သို့ ဝင်ရောက်လာသောအခါ လူအများက ရှိုင်ယ်ဗာ အားမုသွာလိဘ် ၏ ကျွန်အဖြစ်မှတ်ထင်မိကြသည့်အလျောက် “အဗ်ဒုလ် မုသွာလိဘ်”(မုသွာလိဘ် ၏ကျွန်) ဟူ၍သာခေါ်ဝေါ် နှုတ်ကျိုးခဲ့ကြလေတော့သည်။ ဤသို့ဖြင့် ဟာရှင်မ်၏ သား ရှိုင်ယ်ဗာ သည်မူလအမည်ပျောက်၍ “အဗ်ဒုလ် မုသွာလိဘ်” ဟူ၍သာ ကျော်ကြားလာခဲ့သည်။
အဗ်ဒုလ် မုသွာလိဘ် သည် အလွန်ခန့်ညားတည်ကြည် ရှုချင်စဖွယ် ရုပ်ရည် ရှိသူအဖြစ်ကြီးပြင်း လာခဲ့ပြီး ကုရိုက်ရှ် လူမျိုးစု၏ အရေးပါသောခေါင်းဆောင်တစ်ဦး
အဖြစ်ရပ်တည်လာခဲ့ပေသည်။ သူသည် ကုရိုက်ရှ်လူမျိုးစု၏ အဓိပတိ ဖြစ်လာခဲ့ပြီး သူ၏ ရက်ရောမှုကြောင့် “ရက်ရောသူ အဗ်ဒုလ် မုသွာလိဘ်” အဖြစ်ထင်ရှားခဲ့သည်။ သူသည်ပိုလျှံနေသော အစားအသောက်များအား မရှိဆင်းရဲသားများသာမက တိရိစ္ဆာန် များနှင့် ငှက်များအားလည်း ရက်ရောစွာ ကျွေးမွေးစောင့်ရှောက်သူဖြစ်သည်။ ဤအတွက်ကြောင့် လူအများကသူ့အား “မြေပြန့်ရှိ လူများ၊ သားရဲ တိရိစ္ဆာန်များ နှင့်တောင်ပေါ်ရှိငှက်များအားကျွေးမွေးစောင့်ရှောက်သူ” ဟုခေါ်ဝေါ်လာကြပြန်လေသည်။
အဗ်ဒုလ် မုသွာလိဘ် သည် ဇမ်ဇမ်ရေတွင်းကို ပြန်လည်ရှာဖွေတွေ့ရှိသူဟူသော ဂုဏ်ကိုလည်းပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ဤရေတွင်းသည် တမန်တော်အိစ္စမာအီလ် ကလေးသူငယ်ဘဝက သူ၏မိခင်ဟာဂျရဟ်သခင်မကြီးက သဲကန္တာရတွင် ပြေးလွှားရေ ရှာနေခဲ့စဉ် ကလေးငယ်တမန်တော်အိစ္စမာအီလ်သဲပြင်ခြောက်ခြောက်ကို ခြေဖြင့်ကန်ကျောက်ရာမှ အလ္လာဟ့်အလိုတော်ဖြင့် ရေထွက်လာခဲ့သောရေတွင်းဖြစ်လေသည်။ ဂျုရ်ဟုမ်အမည်ရှိ လူမျိုးစုသည် မက္ကဟ်မြို့မှ နယ်နှင်ဒဏ်ပေးခံရသောအခါဤရေတွင်းအားဖုံးအုပ်ဖျောက်ဖျက်သွားရာမှ အဗ်ဒုလ် မုသွာလိဘ် ကပြန်လည်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။
အဗ်ဒုလ် မုသွာလိဘ်လက်ထက်တွင် ကျူးကျော်သူ အဘိစီးနီးယန်း (အီသိယိုပီးယန်း) ခရစ်ရှန်ဘုရင်အဘ်ရဟာ က ကအ်ဗဟ်ကျောင်းတော်ကို ဖျက်စီးရန် ကြီးမားလှသော ဆင်တပ်ကြီးဖြင့် မက္ကဟ်မြို့ကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့လေသည်။ ဤအကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ၁၀၅တွင် အလ္လာဟ်အရှင်မြတ်ကမိန့်ဆိုထားလေသည်။ ယင်းအဘ်ရဟာသည် စစ်သားပေါင်းခြောက်သောင်းဖြင့်ဖွဲ့စည်းထားသော စစ်တပ်ကြီးကို ဦးစီး၍ စစ်ချီလာခဲ့ခြင်းဖြစ်သည်။ ဤသို့ဖျက်စီးရန် အကြံမည်သို့ဖြစ်တည်လာသနည်းဟူမူ ၎င်းအဘ်ရဟာသည် ယီမင်ပြည်တွင် အလွန်ကြီးမားခမ်းနားသောသောခရစ်ရှန်ချာခ်ျ ကို တည်ဆောက်ခဲ့သော်ငြှားလည်း ကအ်ဗဟ်ကျောင်းတော်တွင်သာ ဘုရားဖူးများဖြင့်စည်ကားနေခြင်းကြောင့် မနာလိုမရှုစိမ့်ဖြစ်ခဲ့ခြင်း အကြောင်းခံကြောင့်ပင်။
ယင်းခရစ်ရှန်ဘာသာဝင်ဘုရင် အဘ်ရဟာ၏စစ်တပ်အား အလ္လာဟ်အရှင်မြတ်က မည်သို့မည်ပုံရှုံးနိမ့် ပျက်စီးစေခဲ့ကြောင်း စူရဟ် ၁၀၅ ဘာသာပြန်အားဖတ်ရှု ကြည့်ကသိနိုင်ပါသည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အားဝတ်ပြုရန်မျက်နှာလှည့် ရာ အမှတ်သညာ ကျောင်းတော်အားဖျက်စီးရန်ကြံရွယ်သူတို့အတွက် လောကီပြစ်ဒဏ်ပင်။ မက္ကဟ်သမိုင်း၏ဤအဖြစ်အပျက်ကြောင့်အဘ်ရဟာ၏ စစ်တပ်ကြီးအားဆန့်ကျင်၍ ကြံ့ကြံ့ခံရပ်တည်ခဲ့သော အဗ်ဒုလ် မုသွာလိဘ် ၏ စိတ်ဓာတ်သည် လည်းမှတ်တမ်းတွင်ခဲ့လေသည်။ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ ပိုင်ဆိုင်မှုများအတွက်အဘ်ရဟာအားရဲဝံ့စွာဆန့်ကျင်ခဲ့ပြီး၊ ကအ်ဗဟ်ကျောင်းတော်ကိုမူ ပိုင်ရှင်ဖြစ်သည့် အလ္လာဟ်ကသာစောင့်ရှောက်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည်။ (အဗ်ဒုလ် မုသွာလိဘ်၏ယုံကြည်မှုကဲ့သို့ကျွန်ပ်တို့ မုစ်လင်မ်များ ယုံကြည်ကျင့်သုံးရမည်ဟုလုံးဝမဆိုလိုပါ။ သမိုင်းလာ အဗ်ဒုလ် မုသွာလိဘ်၏ ခံယူယုံကြည်ခဲ့ပုံကိုသာ ရေးပြခြင်းဖြစ်ပါသည်။)
အဗ်ဒုလ် မုသွာလိဘ်၏ သားဖြစ်ပြီး ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ဖခင်ဖြစ်သူ အဗ်ဒုလ္လာဟ် သည် အလွန်ခန့်ညားကြည့်ချင် ရှုချင်စဖွယ် သောလူငယ် တစ်ဦးဖြစ်သည်။အဗ်ဒုလ္လာဟ် သခင် သည် ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ်၏သမီးအာမိနာသခင်မနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီးများမကြာမီပင် အာမိနာသခင်မသည် ကိုယ်ဝန်ရှိလေတော့သည်။ သို့သော် မီးမဖွားမှီပင် အဗ်ဒုလ္လာဟ်သခင်အားသူ၏ ဖခင်က ယသ်ရိဘ် သို့ ကုန်ရောင်းကုန်ဝယ်ကိစ္စအလို့ငှါစေလွှတ်ခဲ့ရာ လမ်းခရီးတွင်အဗ်ဒုလ္လာဟ်သခင် ကွယ်လွန်ရှာလေသည်

(၃)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ဖွားမြင်တော်မူပြီ။

ဆောင်းနှောင်းနွေဦးပေါက်ရာသီ ရဗီအုလ်အော်ဝ်ဝလ်လ ၏ ကိုးရက်မြောက်၊တနင်္လာနေ့ (အချို့အဆိုများအရ ရဗီအုလ်အော်ဝ်ဝလ်လ ၁၂ ရက်)၊
ခရစ်ရှန်ဘုရင်အဘ်ရဟာမက္ကဟ် သို့ကျူးကျော်ရှုံးနိမ့်ပြီး ၅၅ ရက် အကြာ တွင် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင် ဟိဝစလ်လမ်) သည်
မက္ကဟ်ရှိ “ရှိအဗ် ဗနူဟာရှင်မ်” ၌ ဖွားမြင်တော်မူခဲ့လေသည်။
အဲ အလ္လာဟ် အစ်နာကျီးစ်ကေ ဟဲဟီး ကိယားအော်ကားသ်
ဂျိုကရေ အဒါရေ ရှူကုရ် သေရေး ဝိုနဲအ်မသ်ကေ ။
အိစီးနဲအ်မသ်ကေ သူနဲ စိရာဂျေမုနီးရ် ဘေဂျေ။
ဖိရ်ဘီ ကဟွန်းက ဟမ်ဒ်ဝစနာ ဇရူးရ် ဘရ်ပူးရ်
ကရိုးရွန်းစလားမ် အော်ရ် စလ်ဝါးသ် ဟို
ရဲဟ်မသုလ်လိလ်အားလမီးန်ပေ။
Ae Allah, Is Naa kyees key hai hi kiya awkaat
jo karey adaae shukur theray wo nemat kay
Isee nemat kay thune Siraje Muneer bayjay
Phir bhi kahoon ga hamd wa sana zaroor barpoor,
karooron salaam aur salwaat ho
Rehmatul Lil Aaalameen pay.
အထက်ပါကတော့ ကျွန်တော်ဒီပို့စ်ကိုရေးရင်းနဲ့ ကိုယ်တော်မြတ် ရဲ့ဖွားမြင်ခြင်း အကြောင်း ရောက်တော့ ရင်ထဲက ဆန္ဒအပြည့်နဲ့ ချက်ချင်းစပ်ဆိုမိတဲ့ အူရဒူ ကဗျာချိုးလေးပါ။ အူရဒူ မတတ်သူများအသံဖလှယ်လွယ်ကူဖို့ အင်္ဂလိပ်အက္ခရာတွေနဲ့ပါ ရေးပြထားပါတယ်။ မြန်မာဘာသာပြန်ကတော့………
အိုအလ္လာဟ် ကျွန်ပ်ကဲ့သို့ ဘာမဟုတ်သည့် သူ၏ အဆင့်အတန်းကမည်မျှရှိနေ၍
အရှင့် ကျေးဇူးတော်ကို ဆပ်နိုင်မည်နည်း။ ထိုကျေးဇူးတော်ကား “စိရာဂျေမုနီးရ်”
(လင်းဝင်းတောက်ပသော မီးရှူးမီးတိုင် / သူရိယ) ပင်။
သို့သော်ငြှားလည်း အရှင့်အားချီးမွမ်းထောမနာခြင်းနှင့်အရှင့်သန့်စင်မြင့်မြတ်ပုံ
ကိုတော့ များစွာ ရွတ်ဆိုပါမည်။
ကုဋေနှင့်ချီသော စလာမ်နှင့်ဆွလဝါးသ်များကိုလည်း “ရဲဟ်မသုလ်လိလ်အားလမီးန်”
(စကြဝဠှာအပေါင်းအတွက်ကရုဏာတော်) အပေါ် ပို့ဆက်ပါမည်။
အာရဗီဘာသာစကားဖြင့် “ဆင်” ကို ဖီလ်ဟုခေါ်ဆိုပါသည်။ အဘ်ရဟာ၏ဆင်တပ်ကို အစွဲပြု၍ ထိုနှစ်သည် (ကိုယ်တော်မြတ်ဖွားမြင်သောနှစ်) အာမုလ်ဖီလ် (ဆင်နှစ်) ဟု တွင်ခဲ့လေသည်။ ဂရီဂိုရိယန် ပြက္ခဒိန် အရ ထိုနေ့သည် C.E 571 ဧပြီလ ၂၂ ရက် တွင် ကျရောက်သည်။
အာမိနာသခင်မကိုယ်ဝန်ရှိစဉ်တွင် သူမသည် သူမ၏ ဝမ်းဗိုက်မှ လွန်စွာလင်းဝင်းတောက်ပသော အလင်းရောင်တစ်ခုထွက်လာပြီး ထိုအလင်းရောင်ကြောင့် ဆီးရီးယားရှိနန်းဆောင်များသည်လည်း လင်းဝင်းရောင်ပြန်ဟပ်သည် ဟု အိပ်မက်မြင်မက်ခဲ့လေသည်။ မီးဖွားချိန်ကျရောက်သောအခါ အဗ်ဒုရ်ရဟ်မာန်ဘင်န်အော်ဖ် (ရသွီယလ်လာဟုသအာလာအန်ဟု) ၏ မိခင်ဖြစ်သူ ရှိဖွာ ဘင်န်သိ အမရ် သည် ဝမ်းဆွဲအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘိုးတော်အဗ်ဒုလ်မုသွာလိဘ် သည် မြေးဦးဖွားမြင်ခြင်းကြောင့်အလွန်အမင်းဝမ်းမြောက်ပြီး မြေးဦးလေးအား ကအ်ဗဟ်ကျောင်းတော်သို့ ချီပွေ့ယူ ဆောင်သွားပြီး အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ရှုကုရ် ပြု၍ အထံတော်မှ ကောင်းခြင်း အဖြာဖြာကိုတောင်းခံ ခဲ့ပေသည်။ မြေးဦးလေးသည် ကြီးစွာသောချီးမွမ်းခြင်းကို ခံရမည့်သူဟု ယုံကြည်သည့်အလျောက် “မုဟမ္မဒ်” ဟုအမည်မှည့်ခဲ့လေသည်။ အရဗ်တို့၏ ထုံးတမ်းဓလေ့အရ ခုနှစ်ရက်မြောက်သောနေ့တွင် ကလေး (ကိုယ်တော်မြတ်) ၏ ဦးခေါင်းမှ ဆံပင်များကိုရိတ်ပယ်ခဲ့ လေသည်။ ၎င်းနောက်သူသည်မက္ကဟ်သားတို့အားဖိတ်ခေါ်စုရုံး၍ ထမင်းစားပွဲကြီးကို ပွဲခံ ခဲ့ပေသည်။
မုဟမ္မဒ်အား ပထမဦးဆုံး မိခင်ဖြစ်သူ အာမိနာသခင်မက နို့ချိုတိုက်ကျွေးပြီး၊ နောင်တွင် သူ၏ ဖခင်၏ ကျွန်မတစ်ဦးဖြစ်သူ အုမ် အိုင်မာန် က နို့ချိုတိုက်ကျွေး ခဲ့ပေသည်။ အုမ် အိုင်မာန် သခင် မ သည် အဘိစီးနီးယန်းလူမျိုးဖြစ်ပြီး အမည်ရင်း မှာ ဗရကဟ် ဖြစ်သည်။ သူမသည် အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး မဒီနဟ်သို့ဟိဂ်ျရသ် ပြုခဲ့သူလည်းဖြစ်သည်။ ကိုယ်တော်မြတ် ဤလောကမှ ကြွမြန်း ပြီးခြောက်လအကြာတွင် မဒီနဟ် မြို့၌ပင် အလ္လာဟ့်အမိန့်ခံယူခဲ့လေသည်။(ရသွီယလ်လာဟုသအာလာအန်ဟာ)။

(၄)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ နို့စို့ဘက်ညီအစ်ကိုများ

ကိုယ်တော်မြတ် အားနို့ချို တိုက်ကျွေးခဲ့သူများတွင် ကိုယ်တော်မြတ်၏ ဦးလေး ဖြစ်သူအဗူလဟဘ်၏ ကျွန် စိုဝိုင်ဗဟ် သခင်မလည်းပါဝင်ခဲ့လေသည်။ စိုဝိုင်ဗဟ် သခင်မသည် ကိုယ်တော်မြတ်နှင့်အတူသူမ၏ သား မတ်စ်ရူးဟ်၊ ဟမ်ဇဟ်ဘင်န် အဗ်ဒုလ်မုသွာလိဘ် နှင့် အဗူစလမဟ် ဘင်န် အဗ်ဒုလ်အဆဒ်မခ် ဇူမီတို့ကိုလည်း နို့ချိုတိုက် ကျွေးနေခဲ့ပေသည်။ သို့ဖြစ်ပေရာ အထက်ပါ သုံးဦးတို့သည် ကိုယ်တော်မြတ် ၏ ပထမဦးဆုံးသော နို့စို့ဘက်ညီအစ်ကိုများဖြစ်ခဲ့ပေသည်။

ဟလီမဟ် စအ်ဒိယဟ် ၏ စောင့်ရှောက်မှု အောက်ဝယ်

ထိုခေတ်အခါက အရဗ်လူမျိုး တို့၏ ဓလေ့တစ်ခုမှာ၊ မိမိတို့၏ ရင်သွေးငယ် များအားဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတို့၏ ထံပို့ထား စောင့်ရှောက်စေပြီး သဲကန္တာရတွင်အသက်အရွယ်နှစ်အတန်ငယ်ရလာသည် အထိကြီးပြင်းစေခြင်းပင်။ ဤ သို့ပြုရခြင်း၏ ရည်ရွယ်ချက်များ မှာကန္တာရတွင် ကြီးပြင်းစေခြင်းဖြင့် ကလေးငယ်သည် သန်စွမ်းကျန်းမာသည်ဟု မက္ကဟ်သားတို့က ယုံကြည်သောကြောင့်လည်းကောင်း၊ ကန္တာရဘဲဒ်ဝဲန် (BEDOUIN) အရဗ်တို့ ၏ ဝန်းကျင်တွင် ကြီးပြင်းခြင်းဖြင့် အာရေဗျ တစ်ခွင်လုံးတွင် အသုံးပြုသောကျွန်းဆွယ်သုံး အာရဗီဘာသာစကား ကို ကျနစွာတတ်မြောက်စေရန် လည်းကောင်းပင် ဖြစ်ပေသည်။
ထိုစဉ်က ဘိုးတော်ဖြစ်သူ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ မြေးလေးအား နို့ချိုတိုက်ကျွေး စောင့်ရှောက်၍သဲကန္တာရတွင် ကြီးပြင်းသည်အထိ တာဝန်ယူပေးမည့် ဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတစ်ဦးအားရှာဖွေနေခဲ့လေသည်။ တစ်ကြိမ်တွင် ဗနူစအဒ် ဘင်န် ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်မှ ဘဲဒ်ဝဲန်အမျိုးသမီးအချို့သည် အထက်ဖော်ပြပါ စောင့်ရှောက်သည့် လုပ်ငန်းအတွက် မက္ကဟ်ရှိ အိမ်ထောင်စုများသို့ လာရောက်ကမ်းလှမ်း လေသည်။ ထိုအခါ အဗ်ဒုလ် မုသွာလိဘ်သည် ထိုအမျိုးသမီး တစ်ဦးခြင်းစီအား သူ၏မြေးလေးကို စောင့်ရှောက်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဖသက်ဆိုးကလေးငယ်အား စောင့်ရှောက်ပေးခြင်းဖြင့်ရရှိမည့် အဖိုးအခ ဆုလာဘ်သည် အလွန်ပင် နည်းပါး မည်ဟုထိုအမျိုးသမီးများက ထင်မြင်ယူဆကြပြီး ကလေးငယ်အား စောင့်ရှောက်ရန် မည်သူကမျှ လက်မခံခဲ့ပေ။ ထိုနေ့တွင်ပင် ဟလီမဟ် ဘင်န်သိ ဇုဝိုင်ဘ်သည်လည်း အဗ်ဒုလ်မုသွာလိဘ် ထံရောက်ရှိလာခဲ့လေသည်။ အဗ်ဒုလ်မုသွာလိဘ်၏ လက်မောင်းများပေါ်တွင် လှဲလျှက်ရှိသော ချစ်စဖွယ်ဖသက်ဆိုး ကလေးငယ်အားမြင်ပြီးနောက် အကြောင်းစုံကိုလည်း သိရသောအခါကရုဏာ စိတ်ယိုဖိတ်မိ၍ ကလေးငယ်အား ဝမ်းပန်းတသာလက်ခံလိုက်လေတော့သည်။ သူမနှင့်သူမ၏ ခင်ပွန်းတို့သည် အိမ်အပြန်ခရီးတွင် လက်မဲ့ မဖြစ်ရခြင်းကြောင့် အလွန်ဝမ်းမြောက် ပျော်ရွှင်ပြီးကိုယ်တော်မြတ်လေးအား ယုယုယယ ချီပွေ့ ၍ သဲကန္တာရရှိ သူတို့၏အိမ်သို့ပြန်ခဲ့လေတော့သတည်း။

ဤသို့ဖြင့်အခြားအမျိုးသမီးများ ငြင်းပယ်ခဲ့သော ကံထူးမှု ကို ဟလီမဟ် စအ်ဒိယဟ် သခင်မက ရရှိသွားခဲ့တော့သည်။ ဟလီမဟ် သခင်မနှင့် သူမ၏ခင်ပွန်း ဟာရိသ် ဘင်န် အဗ်ဒုလ်အုဇ္ဇဟ် တို့သည် စအဒ် ဘင်န်ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်ဝင်များဖြစ်ကြပြီး သူတို့၏ကလေးငယ် များသည်လည်းကိုယ်တော်မြတ်၏ နို့စို့ဘက်များ ဖြစ်ခဲ့ပေတော့သည်။

ဟလီမဟ် သခင်မ၏ အိမ်သို့ မင်္ဂလာအပေါင်းခညောင်းလေပြီ

ကိုယ်တော်မြတ်လေးအား ဆောင်ယူခဲ့ချိန်မှ စ၍ သူမတို့၏ ဘဝအခြေအနေများသိသိသာသာပြောင်းလဲလာမှုကို ဟလီမဟ်သခင်မနှင့် ခင်ပွန်းတို့က ကောင်းစွာသတိပြုမိလေသည်။ မက္ကဟ်မြို့သို့ လာရောက်စဉ်က လွန်စွာကြုံလှီ အားနည်း နှေးကွေးသော သော မြည်းမလေးအား အစီးအနင်း အဖြစ်ပြု၍လာရောက်ခဲ့သော်လည်း အပြန်ခရီးတွင်မူ ကိုယ်တော်မြတ်လေးအား သယ်ဆောင်ထားသော ထိုမြည်းမလေးသည် အလွန် သွက်လက်စွာ
ခရီးနှင်ခဲ့သည်မှာ အတူခရီးသွားသော ကာရဗဲန်ခရီးသည်စုတို့သည်နောက်ခပ်လှမ်းလှမ်းသို့ ကျန်ခဲ့သည် အထိပင်။ ကိုယ်တော်မြတ်လေးသည် ဟလီမဟ်သခင်မ၏အိမ်တွင် နေထိုင်စဉ် ထိုအိမ်သည် ကောင်းခြင်း မင်္ဂလာအဖြာဖြာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဟလီမဟ်သခင်မ ကိုယ်တိုင်၏ဆင့်ပြန်ချက်အရ သိရသည်မှာ ကိုယ်တော်မြတ်လေးအား မဆောင်ယူလာခင်တွင် သူမတို့နေထိုင်ရာအရပ်သည် စားနပ်ရိက္ခာရှားပါးပြီးလူနှင့်တရိစ္ဆာန်တို့ အလွန်ဆင်းရဲ ကပ်ဒုက္ခရောက် နေချိန်ဖြစ်သည်။ သူမတို့ပိုင်ဆိုင်သော ကုလားအုပ်မ သည် နို့တစ်စက်မှ မထွက်သောအချိန်၊ ဟလီမဟ်သခင်မ ၏ ကလေးအရင်းသည် ဆာလောင်မွတ်သိပ် မှုကြောင့်ညလုံးပေါက် သနားစဖွယ်ငိုကြွေး နေသောအချိန်၊ ရင်သွေး၏ ဆာလောင်မွတ်သိပ်သောခံစားမှုကြောင့် ဟလီမဟ်သခင်မနှင့်သူမ၏ ခင်ပွန်းတို့သည် စိတ်နှလုံးပူပန် သောကရောက် ၍ တစ်ညလုံး အိပ်မပျော်နိုင်။ သို့သော် ကိုယ်တော်မြတ် လေး ရောက်ရှိလာသည့်အချိန်မှစ၍ အစစအရာရာသော အခြေအနေတို့သည်ပြောင်းလဲသွားခဲ့လေပြီ။ ကိုယ်တော်မြတ်လေးအား သူမ၏အိမ်အရောက် သူမ၏ပေါင်ပေါ်ယုယစွာတင်၍ ကြင်နာသည့်အချိန် မှစ၍ သူမ၏ မိခင်မေတ္တာအရည် အာဟာရ တို့သည် အလွန်အမင်းအလျှံအပယ် စီးဆင်း လာခဲ့ပြီး ထိုအာဟာရ ကို ကိုယ်တော်မြတ်လေးနှင့် သူမ၏သားတို့သည် ဝလင်စွာသောက်သုံးလျှင်မြန်စွာအိပ်စက်နိုင်ခဲ့ကြပေသည်။ ဟာရိသ် သည်သူ၏ ကုလားအုပ်မအားကြည့်ရှုသော်၊ ကုလားအုပ်မ၏နို့အုံ တို့သည် လျှံထွက်သယောင်ယောင် ပြည့်ဖောင်းနေသည်ကို တွေ့မြင်ရလေသည်။ ယင်းကုလားအုပ်မ ထံမှ အလွန်တရာများပြားသော နို့ရည် တို့သည် ဟလီမဟ်သခင်မ တို့တစ်မိသားစုလုံးအား ဝဝလင်လင်ဖြစ်စေသည်ထက်ပင် ပိုခဲ့ပေသည်။ ကုလားအုပ်မ သည်သာမက သူမတို့၏ ဆိတ်မများသည်လည်း။ ယခင်ကရှိခဲ့သော ရှားပါးမှုဒဏ် သည် ယခုမူ အိပ်မက်အလား။သူမတို့နေထိုင်ရာ ဒရရ် ဗနူစအဒ် ဒေသ ရှိ အစာရေ ရှားပါးမှု ကပ်သည် သူမတို့မိသားစုအားကွင်း၍အလား။ ဤသို့ဖြင့် ဟလီမဟ်သခင်မ သည် ကိုယ်တော်မြတ်လေးအား နောက်ထပ် နှစ်နှစ် အထိ နို့ချိုတိုက်ကျွေးပြီး နို့ဖြတ်လိုက်လေသည်။ ကိုယ်တော်မြတ်လေးသည် အစာရေစာ ရှားပါးသောအရပ်၊ ကာလတွင် ကြီးပြင်းခဲ့သော်လည်း သန်သန်မာမာကျန်းကျန်းမာမာ ဖြစ်ခဲ့လေသည်။

ဟလီမဟ်သခင်မ၏တောင်းဆိုမှု

ဟလီမဟ်သခင်မသည် ကိုယ်တော်မြတ်လေးအားခြောက်လတစ်ကြိမ် မက္ကဟ်သို့ခေါ်သွားပြီးကိုယ်တော်မြတ်၏ မိခင်နှင့်အခြားဆွေမျိုးတို့အား ကိုယ်တော်မြတ်လေးနှင့် အတူရှိနေစေလေ့ရှိသည်။ ၎င်းနောက် ကိုယ်တော်မြတ်လေးအား ခေါ်၍ သူမနေထိုင်ရာ အရပ်သို့ပြန်လာလေ့ရှိသည်။ နို့ ဖြတ်ပြီးနောက် ကိုယ်တော်မြတ်လေးအား သူ၏မိခင်ထံသို့ ပြန်လွှဲအပ်ရန် လာရောက်ခဲ့လေသည်။ သို့သော်သူမသည် ကိုယ်တော်မြတ်လေး၏ မိခင် အာမိနာသခင်မအားနောက်ထပ် ကာလတစ်ခုအထိ ဆက်လက် စောင့်ရှောက် ခွင့်ပြုရန် အသနားခံ တောင်းဆိုခဲ့လေသည်။ အာမိနာသခင်မလည်း သနားသောအားဖြင့် တောင်းဆိုမှုကို လိုက်လျောခဲ့လေသည်။ ဤသို့ဖြင့်ဟလီမဟ် သခင်မသည် ကိုယ်တော်မြတ်လေးအား ဆက်လက် စောင့်ရှောက်ခွင့် ရရှိခဲ့ပြီး နောက်ထပ်နှစ်နှစ် သို့ပင်တိုင်ခဲ့လေ သည်။ နှစ်နှစ် နောက်ပိုင်းတွင် ကိုယ်တော်မြတ်လေးအား မိခင်ရင်းထံ ပြန်ပို့တော့ရန် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ နိမိတ်လက္ခဏာ ပြသ ခဲ့သဖြင့် ဟလီမဟ်သခင်မ ဇနီးမောင်နှံသည် ထိတ်လန့်၍ ကိုယ်တော်မြတ်လေးအားဆက်လက် စောင့်ရှောက်ခြင်း မပြုရဲတော့ဘဲ မိခင်ရင်းဖြစ်သူ အာမိနာ သခင်မထံ အပြီးပြန်လည် လွှဲပြောင်းခဲ့ လေတော့သည်။

(၅)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ကိုယ်တော်မြတ်လေး၏ ရင်ဘတ်တော်အား ဖွင့်တော်မူခြင်းခံရလေပြီ

ဆွဟာဗဟ်ကြီး အနတ်စ်ဘင်န်မာလိက် (ရသွီယလ်လာဟုသအာလာအန်ဟု) သခင် ဆင့်ပြန်ခဲ့သည်မှာ တစ်နေ့တွင် ကလေးအရွယ် မုဟမ္မဒ် သည် ဟလီမဟ်သခင်မ၏အိမ်အနီး အခြားကလေးများနှင့် ဆော့ကစားနေခိုက် ရုတ်တရက်ဆိုသလို ကောင်းကင်တမန်ကြီး ဂျိဘ်ရာအိလ် (အလိုင်ဟိစ္စလာမ်)ရောက်ရှိလာပြီး မုဟမ္မဒ် လေးအားလှဲအိပ်စေလေသည်။ ထို့နောက် မုဟမ္မဒ် ၏ ရင်ဘတ်အား ဖွင့်ပြီးလျှင် နှလုံးအား ထုတ်နှုတ်လေသည်။ နှလုံးမှအသား အစိတ်ပိုင်း တစ်ခုကို ဆွဲထုတ်ပြီး”ဤသည် သင့်အတွင်းရှိသော ရှိုင်ယ်သွာန်၏ တစ်စိတ်တစ်ဒေသပင်။” ဟုလည်း ပြောဆိုလေသည်။ ၎င်းနောက် ကိုယ်တော်မြတ် ၏ နှလုံး အား ဇမ်ဇမ်ရေ ဖြည့်ထားသော ရွှေလင်ပန်းတွင်ထည့်ဆေးကြောပြီး ရင်ဘတ်ထဲသို့ ပြန်လည်နေရာတကျထည့်သွင်းခဲ့လေသည်။ ဤအဖြစ်ကို မြင်သော အခြားကလေးများသည် “မုဟမ္မဒ် အသတ်ခံရပြီ” ဟုကြောက်လန့်တကြား အော်ဟစ်၍ ဟလီမဟ် သခင်မထံပြေးလွှားသွားခဲ့ကြသည်။ ဟလီမဟ် သခင်မသည် ကလေးငယ်များခေါ်ရာသို့ စိုးရိမ်ပူပန်စိတ်အပြည့် ဖြင့်သွားကြည့်ခဲ့ရာ ကလေးငယ် မုဟမ္မဒ် အသက်ရှင်နေကြောင်း တွေ့မြင်ခဲ့ရလေသည်။ သို့ရာတွင်မုဟမ္မဒ်လေး သည် ကြောက်ရွံ့စိုးထိတ်ပြီး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်ကိုတော့ တွေ့မြင်ရလေသည်။ အနတ်စ်သခင်က ဆက်လက်၍ ပြောပြသည်မှာ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်ဟိဝစလ်လမ်)၏ ရင်ဘတ်တော်တွင်ချုပ်ရာ ကိုလည်း သူ တွေ့ရှိခဲ့သည်ဟူ၍။

ကိုယ်တော်မြတ်လေးသည် မိခင်ရင်းနှင့်အတူ

ဤသည့်အဖြစ် ကြောင့် ဟလီမဟ်သခင်မသည်ထိတ်လန့်ပြီး ကိုယ်တော်မြတ်လေးအား မက္ကဟ်ရှိမိခင်ရင်းထံ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်မြတ်လေးအား သူ၏မိခင်ရင်းကစောင့်ရှောက်ရင်း နောက်နှစ်နှစ် အကြာ၊ကိုယ်တော်မြတ်၏သက်တော် ခြောက်နှစ်ရှိသော အခါ၊ ကိုယ်တော်မြတ်သည် သူ၏ ဘိုးတော်၊ မိခင်၊ အုမ် အိုင်မာန် သခင် မတို့နှင့်အတူ သူ၏ မိခင်ဘက်မှဆွေမျိုးများရှိရာ ယသ်ရိဘ် မြို့သို့ ခရီးထွက်ခဲ့လေသည်။ ကိုယ်တော်မြတ်၏ဖခင် ဖြစ်သူ အဗ်ဒုလ္လာဟ်သည်လည်း ထိုမြို့၌ပင် ခေါင်းချခဲ့သည်ဖြစ်ရကား။ ယသ်ရိဘ် မြို့တွင်တစ်လနေထိုင်ပြီးနောက် မက္ကဟ်သို့ပြန်ရန်ခရီးရှည်ကြီးကို ထွက်ခွါလာရာလမ်းခရီးတွင် အာမိနဟ်သခင်မ နာမကျန်းဖြစ်ပြီး အဘ်ဝါ မည်သောအရပ်တွင် ကွယ်လွန်၍ ထိုအရပ်၌ပင် မြှုပ်နှံခဲ့ရလေသည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။ သို့နှင့်ကိုယ်တော်မြတ်လေးသည် သက်တော် ခြောက်နှစ်ကျော် အရွယ်တွင် မိဘမဲ့ (ယသီးမ်) ဘဝသို့ ရောက်ခဲ့ရရှာလေသည်။

ဘိုးတော်၏ အကြင်နာ

အဘိုးအိုကြီး အဗ်ဒုလ်မုသွာလိဘ် သည် ချစ်လှစွာသော မိဘမဲ့မြေးလေး၏ မိခင်ဆုံးပါးခြင်းသောကကို မကြည့်ရက်နိုင်လျှက် ပင် လေးလံလှသော စိတ်နှလုံး ဝန်ကို မနိုင့်တစ်နိုင်ထမ်းပိုး၍ မက္ကဟ်သို့ခရီးဆက်ရန် စတင် ခဲ့လေသည်။ သူ၏ သားအရင်းများ အတွက်ပင် မပေါ်ပေါက်ခဲ့ဖူးသော အကြင်နာအဟုန်တိုသည် မိဘမဲ့လေး မုဟမ္မဒ် အတွက် ဖြစ်တည်ခဲ့လေပြီ။ အဗ်ဒုလ်မုသွာလိဘ် သူ၏ မိတ်ဆွေများနှင့်အတူထိုင်ရာတွင် မုဟမ္မဒ်လေးသည် သူ၏အနီးရှိ မည်သူမျှထိုင်ခွင့်မရှိသော အခင်းပေါ်ဝယ်ထိုင်လေ့ရှိပြီး ဘိုးတော် အဗ်ဒုလ်မုသွာလိဘ် ၏ နောက်ကျော အား ဆော့ကစားလေ့ရှိသည်။ အဗ်ဒုလ်မုသွာလိဘ်သည်ကားပြုံးလျှက်ပင်။ မိဘမဲ့ မုဟမ္မဒ် လေး၏ ရှေ့အနာဂတ်သည် မည်သို့မျှ တောက်ပလာနိုင်မည်မဟုတ်ဟု အဗ်ဒုလ်မုသွာလိဘ်သည် တွေးဆကောင်းတွေးဆခဲ့ပေမည်။ ကြေကွဲစရာနောက်အဖြစ်တစ်ခုကား အဗ်ဒုလ်မုသွာလိဘ် သည်သူအလွန် ချစ်ကြည်မြတ်နိုး တွယ်တာသော မုဟမ္မဒ်လေးနှင့် အချိန်တိုတောင်းစွာသာ နေခွင့်ရခဲ့ခြင်းပင်။ ကိုယ်တော်မြတ်၏သက်တော် ရှစ်နှစ်၊ နှစ်လ၊ဆယ်ရက် တွင် ဘိုးတော် အဗ်ဒုလ်မုသွာလိဘ် ကွယ်လွန်ခဲ့လေသည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

ဦးလေးတော်၏စောင့်ရှောက်မှုအောက်တွင်

အဗ်ဒုလ်မုသွာလိဘ် ကွယ်လွန်ပြီးနောက် သားဖြစ်သူ အဗူသွာလိဘ် က ကိုယ်တော်မြတ်လေးအားဆက်လက် စောင့်ရှောက်ခဲ့ လေသည်။ အဗူသွာလိဘ်နှင့် ကိုယ်တော်မြတ်၏ဖခင် အဗ်ဒုလ္လာဟ်သခင်တို့သည် ညီအစ်ကို အရင်းများဖြစ်ကြ၏။ အဗူသွာလိဘ် သည် ဓနကြွယ်သောသူ တစ်ဦးမဟုတ်သော်ငြားလည်း ကိုယ်တော်မြတ် ဆောင်ကျဉ်းလာသော အလ္လာဟ်အရှင်မြတ်ထံမှ ဗရ်ကသ် ကြောင့် အဗူသွာလိဘ်သည် သူရှာဖွေ ရရှိသော ငွေစအနည်းငယ်သည်ပင် သူ၏မိသားစုစားဝတ်နေရေးဖူလုံ ကြောင်းသတိပြုမိခဲ့လေသည်။

(၆)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးချက်

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) သက်တော် ၁၂ နှင့်အရွယ်ရောက်သည့်အခါ(အချို့ သမိုင်းများအဆိုအရ ၁၂ နှစ် ၂ လ ၁၀ ရက်) ဦးလေးတော် အဗူသွာလိဘ် သည် ကုန်သည်အစုတစ်စုနှင့် ဆီးရီးယား သို့အတူလိုက်ပါသွားရန်စီစဉ်ပြီး ကိုယ်တော်မြတ် ကိုပါခေါ်ဆောင်၍ ခရီးထွက်ခဲ့လေတော့သည်။
ကုန်သည်အစုသည် ဆီးရီးယားသို့အသွား ဘဆွရဟ် မြို့သို့အရောက် ခေတ္တခဏ နားကြလေသည်။ထိုမြို့၌ ဘဟီရာ မည်သော ခရစ်ရှန် ဘုန်းကြီးတစ်ပါး ရှိလေသည်။ သူသည် ကုန်သည်အစုအား ကြိုဆိုရန်အလို့ငှါ ရောက်ရှိလာခဲ့ ပြီး ခရီးသည်အားလုံးအား ဖြတ်ကျော်၍ ကိုယ်တော်မြတ် အနီးသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ကိုယ်တော်မြတ် ၏လက်ကို ဆွဲကိုင်၍ “ဤသူသည် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရှင်မြတ်၏ စေတမန်ပင်၊ ဘုရားသခင်သည် သူ့အား လူသားအားလုံး အတွက် ကရုဏာတော်အဖြစ်စေလွှတ်ခြင်းဖြစ်သည်” ဟုပြောဆိုခဲ့လေသည်။ ထိုအခါ လူအများက အဘယ်ကြောင့်ဤသို့ဆိုရသနည်း ဟုစုံစမ်းမေးမြန်းကြလေသည်။ ဘဟီရာက ………….
“သူ (မုဟမ္မဒ်) ဤ ဘက်သို့လာ သည့်အခါက ကျောက်တုံးများနှင့် သစ်ပင်များသည် ကိုင်းညွတ်အရိုအသေပေးကြလေသည်။ စေတမန် တစ်ပါးမှလွဲ၍ အခြားမည်သည့် ဖန်ဆင်းခံကိုမျှ ဤသို့ အရိုအသေမပေးကြ။ ၎င်းပြင် ကျွန်ပ် သည် သူ၏ ပုခုံးနှစ်ဖက်အောက်နားရှိ ပန်းသီးသဏ္ဌာန် စေတမန်ဖြစ်ခြင်း၏တံဆိပ်တော်ကို လည်း သူ၌တွေ့ရသည်။ ဤအကြောင်း ကျွန်ပ်တို့၏ ကျမ်းစာများ၌ပါရှိသည်။” ဟုရှင်းပြ ပြောဆိုခဲ့သည်။

ထို့နောက် ဘဟီရာ သည် ကုန်သည်အစုအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမင်းစားပွဲကြီး တစ်ပွဲကိုတည်ခင်း ဧည့်ခံခဲ့လေသည်။ ၎င်းနောက် ဘဟီရာသည် အဗူသွာလိဘ် အား နှစ်ဦးတည်း တွေ့ဆုံပြီးမုဟမ္မဒ် အား ရှေ့ခရီးသို့ ဆက်လက်မခေါ်သွားရန်နှင့် နေရပ်သို့သာ ပြန်လွှတ်ရန်သတိပေး ခဲ့သည်။ ဂျူးနှင့် ရောမ လူမျိုးများက ကတိတော်လာ စေတမန်အဖြစ်မှတ်ယူပြီး အန္တရာယ် ပြုမည်ကို စိုးရိမ်သောကြောင့် ဤသို့သတိပေးခြင်းဖြစ်သည်။ အဗူသွာလိဘ် သည် ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးစကားကို တစ်လေးတစ်စား ဂရုမူပြီး ကိုယ်တော်မြတ်အားမက္ကဟ် သို့ ပြန်လည်ပို့လိုက်လေတော့သည်။

ကိုယ်တော်မြတ်သည် မက္ကဟ် မြို့တွင်နေထိုင်ရင်း အရွယ်ရောက်လာသောအခါ သူ၏ လူမှုအသိုင်းအဝိုင်း(စိုဆိုင်တီ) တွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပြီး အသိုင်းအဝိုင်းအတွက် အရေးပါသည့် အချို့သော အခန်းကဏ္ဏ္ဏများတွင်လည်း ပါဝင်ခဲ့လေသည်။ အောက်တွင်ဆက်လက်ရေးသားမည့်ခေါင်းစဉ်နှစ်ခုကား ကိုယ်တော် မြတ် မိမိ၏အသိုင်းအဝိုင်းအတွက် ပါဝင်ခဲ့သည့် အရေးပါသော အခန်းကဏ္ဍများ အနက် ထင်ရှားသောကဏ္ဍနှစ်ခု အကြောင်းပင်ဖြစ်သည်။

(၇)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) နှင့် ဖိဂျရ် စစ်ပွဲ

ကိုယ်တော်မြတ် သက်တော် နှစ်ဆယ်အရောက် ဇုလ်ကအ်ဒဟ်လ တွင် ကုရိုက်ရှ် လူမျိုးစုနှင့် ကိနာနာလူမျိုးစု တို့ကတစ်ဖက်၊ ကိုင်ယ်စ် ဂီလာန် လူမျိုးစု ကတစ်ဖက် စစ်ပွဲဖြစ်ပွါးခဲ့လေသည်။ တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်မှု များသည် အလွန်ပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အကျအဆုံးအလွန်များခဲ့သည်။
နောက်ဆုံးတွင် ထိခိုက်ကျဆုံးမှု ပိုများသောတစ်ဖက် အားကျန် တစ်ဖက်က အသက်ဖိုးလျော်ကြေးငွေပေးရမည် ဟူသော သဘောတူညီချက် ထား၍ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြလေသည်။ ဤစစ်ပွဲသည်လွန်ခဲ့သောသုံးနှစ်အတွင်းဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် စတုတ္ထမြောက်စစ်ပွဲဖြစ်ပြီးအပြင်းထန်ဆုံးနှင့်အသေအပျောက်အများဆုံးသောစစ်ပွဲ တစ်ပွဲဖြစ်သည်။ ဤစစ်ပွဲသည် အရဗ်လူမျိုးစု များအကြားဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် နောက်ဆုံးဖြစ်ခဲ့ သော စစ်ပွဲ ဖြစ်ပြီး “ဖိဂျရ် စစ်ပွဲ” ဟု သမိုင်းတွင် အမည်ရခဲ့ လေသည်။ အာရဗီဘာသာစကားတွင် “ဖိဂျရ်” ဟူသည် “အကျင့်တန်ခြင်း” ဟုအဓိပ္ပါယ်ရလေသည်။ အဘယ်ကြောင့်ဤအမည်တွင်ခဲ့သနည်း ဟူမူယင်းစစ်ပွဲသည် စစ်မက်ပြိုင် ဆိုင်တိုက်ခိုက်ခြင်းကို တားမြစ်ထားသော မြင့်မြတ်သောလ တွင် ဖြစ်ပွါးခဲ့ ပြီး ဤလ ၏ ထူးမြတ်မှုကို ဖောက်ဖျက်၍ သွေးစွန်းစေခဲ့ ကြခြင်းကြောင့်ပင်။ ကိုယ်တော်မြတ်သည် ကုရိုက်ရှ်လူမျိုး စုဝင် တစ်ဦးဖြစ်သည့်အားလျော်စွာ ထိုစစ်ပွဲတွင် ပါဝင်ခဲ့လေသည်။ စစ်မြေပြင်တွင် ကိုယ်တော်မြတ် ထမ်းဆောင်ခဲ့သောတာဝန်မှာ ရန်သူတို့ပစ်လွှတ်သော မြားတံ များကို စုဆောင်း၍ ကုရိုက်ရှ်လူမျိုးစုဝင်များဖြစ်ကြသောသူ၏ ဦးလေးများထံ ပို့ပေး ရခြင်းပင်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) နှင့် ဟိလ်ဖူလ် ဖုဒူလ်

ဖိဂျရ်စစ်ပွဲ ပြေငြိမ်းပြီး နောက်လတွင် ကုရိုက်ရှ် လူမျိုးစုကြီး ဝင် အနွယ်ငါးနွယ်က စုပေါင်း၍ ပဋိညာဉ် တစ်ခုချုပ်ဆိုခဲ့လေသည်။ ယင်း အနွယ်ငါးနွယ်ကား ဗနူဟာရှင်မ်၊ ဗနူအဗ်ဒုလ် မုသွာလိဘ်၊ ဗနူအဆဒ်၊ ဗနူ ဇဟ်ရာနှင့် ဗနူ တိုင်မ် တို့ဖြစ်ကြလေသည်။
ဤ ပဋိညာဉ် ချုပ်ဆိုရခြင်းအကြောင်းကား…………တစ်နယ်တစ်ကျေးမှ တစ်စိမ်းတစ်ရံစာ တစ်ဦးအားတရားမျှတမှု ကို ပြုပေးရန် ပျက်ကွက်ခဲ့သည့် ရှက်ဖွယ်ရာ အကြောင်းတစ်ရပ်ရှိခဲ့လေသည်။ ဇာဘိဒ်မြို့(ယီမင် အနောက်ပိုင်း မှမြို့တစ်မြို့) မှ လူတစ်ဦးသည် မက္ကဟ်မြို့သို့လာရောက်၍ သူ၏ ကုန်စည်များကိုရောင်းချလေသည်။ မက္ကဟ်မြို့ခံတစ်ဦးဖြစ်သည့် အားဆ်ဘင်န် ဝိုင်လ် သည် ထိုသူ၏ကုန်စည်အားလုံးအားယူဆောင်၍ ငွေကိုကားလုံးဝမပေးပေ။ မတရားမှုပြုခံရသော ထိုဇာဘိဒ် မြို့သားကုန်သည် သည်ဗနူ အဗ်ဒုလ် ဒရ်၊ ဗနူ မခ်ဇူးမ်၊ ဗနူ ဂျမဟ်၊ ဗနူ စဟ်မ် နှင့် ဗနူအဒီယ် လူမျိုးစုဝင်တို့ထံ ချဉ်းကပ်၍သူ့အား တရားမျှတ စွာပြုပေးရန် အကူအညီ တောင်းရှာလေသည်။ ထိုလူမျိုးစုဝင်အားလုံးတို့သည်မည်သူမျှ အရေးတယူပြု အကူအညီမပေးခဲ့ကြ။ ထိုသူသည် လွန်စွာစိတ်ပျက်အားလျော့စွာဖြင့် ဂျဘလ်အဗူကိုယ်စ် မည်သောတောင်ထိပ်သို့တက်၍ သူမတရားပြုခံရမှု ကို လူထုအား သိပေးကြေညာလေတော့သည်။ ၎င်းပြင်သူသည် သူ့အားကူညီကြရန် လူထုအား အကူအညီတောင်းလေသည်။ အဗ်ဒုလ် မုသွာလိဘ် ၏ သားတစ်ဦးဖြစ်သူ ဇုဘိုင်ရ် က ထိုမတရားပြုခံရသော လူအား ကူညီရန်ရှေ့ထွက်လာခဲ့ပေသည်။ ဇုဘိုင်ရ် သည် အနွယ်ငါးနွယ်တို့ ၏ ကိုယ်စားလှယ်တို့အား ဗနူတိုင်မ်အနွယ်ဝင် အဗ်ဒုလ္လာဟ် ဘင်န် ဂျဒ်အန် ၏ အိမ်တွင် စုရုံးရန်ဖိတ်ခေါ်ပြီး အစည်းအဝေး ကျင်းပခဲ့လေသည်။ ယင်းအစည်းအဝေးတွင် အနွယ် ကိုယ်စားလှယ် အသီးသီးက သဘောတူ ပဋိညာဉ်ချုပ်ဆိုခဲ့ကြသည်မှာ၊ နောင်တွင် တစ်စုံတစ်ဦး ဤသို့မတရားပြုမူ ခံရပါက ပဋိညာဉ် တွင်လက်မှတ် ရေးထိုးထားသော အနွယ်တို့က တရားပြုခံ ရသူရှေ့မှ မားမားရပ်၍ တရားမျှတမှုကိုဆောင်ကျဉ်း ပေးရန်ပင်။ ၎င်းနောက်သူတို့သည် အားဆ်ဘင်န် ဝိုင်လ် အား စုပေါင်း ဖိအားပေး၍ မတရားရယူထားသော ကုန်စည်များကို ထိုဇာဘိဒ် မြို့သားကုန်သည် အားပြန်ပေးစေလေသည်။

ထို ပဋိညာဉ်ချုပ်ဆို လက်မှတ်ရေးထိုးသည့် အစည်းအဝေးတွင် ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် များနှင့်အတူ ရှိနေခဲ့ ပြီး ထိုပဋိညာဉ်အား ဂုဏ်သရေရှိသော သဘောတူညီချက် အဖြစ် မှတ်ယူလေးစားခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် မှ ကိုယ်တော့်အား တမန်တော်တာဝန်အပ်နှင်း ခဲ့သည့်အချိန်မှ အတော်ကြာကြာအထိကိုယ်တော်မြတ်သည် အောက်ပါအတိုင်း ဖွင့်ဟ ပြောဆိုလေ့ရှိခဲ့သည်။

“ငါ သည် အဗ်ဒုလ္လာဟ် ဘင်န် ဂျဒ်အန် ၏ အိမ်တွင်ပဋိညာဉ် ကို သဘောတူချုပ်ဆိုခဲ့ကြစဉ်က သက်သေအဖြစ် ရှိနေခဲ့သည်။ ထို ပဋိညာဉ်အစား ငါ့အား နီမြန်းသောကုလားအုပ်ပေးလျှင်ပင် ငါလက်ခံမည်မဟုတ်။ (ထိုပဋိညာဉ်အားဖောက်ဖျက်မည်မဟုတ်။) ငါ့အားအမိုက်ခေတ်ပျောက် ပြီး အစ္စလာမ်သာသနာထွန်းကား လာသော နေ့ရက်များတွင်ပင် ထိုပဋိညာဉ်အား ဆက်လက်ထောက်ခံ
ရန်တစ်စုံတစ်ဦးကတောင်းဆိုခဲ့ပါက ငါသည် သဘောတူခဲ့မည်သာ။”
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) သက်တော် ၁၂ နှင့်အရွယ်ရောက်သည့်အခါ(အချို့ သမိုင်းများအဆိုအရ ၁၂ နှစ် ၂ လ ၁၀ ရက်) ဦးလေးတော် အဗူသွာလိဘ် သည် ကုန်သည်အစုတစ်စုနှင့် ဆီးရီးယား သို့အတူလိုက်ပါသွားရန်စီစဉ်ပြီး ကိုယ်တော်မြတ် ကိုပါခေါ်ဆောင်၍ ခရီးထွက်ခဲ့လေတော့သည်။
ကုန်သည်အစုသည် ဆီးရီးယားသို့အသွား ဘဆွရဟ် မြို့သို့အရောက် ခေတ္တခဏ နားကြလေသည်။ထိုမြို့၌ ဘဟီရာ မည်သော ခရစ်ရှန် ဘုန်းကြီးတစ်ပါး ရှိလေသည်။ သူသည် ကုန်သည်အစုအား ကြိုဆိုရန်အလို့ငှါ ရောက်ရှိလာခဲ့ ပြီး ခရီးသည်အားလုံးအား ဖြတ်ကျော်၍ ကိုယ်တော်မြတ် အနီးသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ကိုယ်တော်မြတ် ၏လက်ကို ဆွဲကိုင်၍ “ဤသူသည် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရှင်မြတ်၏ စေတမန်ပင်၊ ဘုရားသခင်သည် သူ့အား လူသားအားလုံး အတွက် ကရုဏာတော်အဖြစ်စေလွှတ်ခြင်းဖြစ်သည်” ဟုပြောဆိုခဲ့လေသည်။ ထိုအခါ လူအများက အဘယ်ကြောင့်ဤသို့ဆိုရသနည်း ဟုစုံစမ်းမေးမြန်းကြလေသည်။ ဘဟီရာက ………….
“သူ (မုဟမ္မဒ်) ဤ ဘက်သို့လာ သည့်အခါက ကျောက်တုံးများနှင့် သစ်ပင်များသည် ကိုင်းညွတ်အရိုအသေပေးကြလေသည်။ စေတမန် တစ်ပါးမှလွဲ၍ အခြားမည်သည့် ဖန်ဆင်းခံကိုမျှ ဤသို့ အရိုအသေမပေးကြ။ ၎င်းပြင် ကျွန်ပ် သည် သူ၏ ပုခုံးနှစ်ဖက်အောက်နားရှိ ပန်းသီးသဏ္ဌာန် စေတမန်ဖြစ်ခြင်း၏တံဆိပ်တော်ကို လည်း သူ၌တွေ့ရသည်။ ဤအကြောင်း ကျွန်ပ်တို့၏ ကျမ်းစာများ၌ပါရှိသည်။” ဟုရှင်းပြ ပြောဆိုခဲ့သည်။

ထို့နောက် ဘဟီရာ သည် ကုန်သည်အစုအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမင်းစားပွဲကြီး တစ်ပွဲကိုတည်ခင်း ဧည့်ခံခဲ့လေသည်။ ၎င်းနောက် ဘဟီရာသည် အဗူသွာလိဘ် အား နှစ်ဦးတည်း တွေ့ဆုံပြီးမုဟမ္မဒ် အား ရှေ့ခရီးသို့ ဆက်လက်မခေါ်သွားရန်နှင့် နေရပ်သို့သာ ပြန်လွှတ်ရန်သတိပေး ခဲ့သည်။ ဂျူးနှင့် ရောမ လူမျိုးများက ကတိတော်လာ စေတမန်အဖြစ်မှတ်ယူပြီး အန္တရာယ် ပြုမည်ကို စိုးရိမ်သောကြောင့် ဤသို့သတိပေးခြင်းဖြစ်သည်။ အဗူသွာလိဘ် သည် ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးစကားကို တစ်လေးတစ်စား ဂရုမူပြီး ကိုယ်တော်မြတ်အားမက္ကဟ် သို့ ပြန်လည်ပို့လိုက်လေတော့သည်။

ကိုယ်တော်မြတ်သည် မက္ကဟ် မြို့တွင်နေထိုင်ရင်း အရွယ်ရောက်လာသောအခါ သူ၏ လူမှုအသိုင်းအဝိုင်း(စိုဆိုင်တီ) တွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပြီး အသိုင်းအဝိုင်းအတွက် အရေးပါသည့် အချို့သော အခန်းကဏ္ဏ္ဏများတွင်လည်း ပါဝင်ခဲ့လေသည်။ အောက်တွင်ဆက်လက်ရေးသားမည့်ခေါင်းစဉ်နှစ်ခုကား ကိုယ်တော် မြတ် မိမိ၏အသိုင်းအဝိုင်းအတွက် ပါဝင်ခဲ့သည့် အရေးပါသော အခန်းကဏ္ဍများ အနက် ထင်ရှားသောကဏ္ဍနှစ်ခု အကြောင်းပင်ဖြစ်သည်။

(၈)။ -“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ အသက်မွေးဝမ်းကျောင်း

ဖခင် ၊ မိခင် နှင့် အဘိုးတို့ ဆုံးပါးပြီးနောက် ဦးလေးတော် ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာရသော ကိုယ်တော်မြတ် သည် ဆက်ခံစရာ မည်သည့်အမွေမှ မရှိသည့် ဆင်းရဲသား တစ်ဦး ဘဝဖြင့်သာရှိနေလေသည်။ အစတွင် မိမိ အသက်ရှင်နေ ထိုင် ဖို့ရာ အလုပ်အကိုင် အဖြစ် ဗနူ စအဒ် အနွယ် ပိုင်ဆိတ်များကို ကျောင်းခဲ့သော် လည်း ဆီးရီးယားမရောက်ခင် မက္ကဟ် သို့ လှည့် ပြန်လာခဲ့သည့် ခရီးစဉ် နောက်ပိုင်းမှစ၍ ကုရိုက်ရှ်တို့၏ ဆိတ်များကိုအဖိုးအခအနည်းငယ်မျှသာယူ၍ ကျောင်း ခဲ့လေသည်။

ဆိတ်ကျောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ခြင်း သည် တမန်တော်ဖြစ်ခြင်း၏ လက္ခဏာများအနက် တစ်ခုဖြစ်ကြောင်း တမန်တော်ဖြစ်ပြီးနောက်တွင် ကိုယ်တော်တိုင်ကမိန့်တော်မူခဲ့လေသည်။ “အလ္လာာဟ် တမန်တော်များအနက် ဆိတ်၊ သိုး ကျောင်းသည့် အလုပ်ကို မလုပ်ကိုင်ခဲ့ဖူးသည့် သူတစ်ဦးတစ်ယောတ် မှမရှိ” ဟု။ ကိုယ်တော်မြတ်၏ မှန်ကန်တိကျသစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု တို့ကြောင့် လူအများက ကိုယ်တော် အား “အလ်အမီန်း” (သစ္စာရှင်) ဟူသော ဂုဏ်ထူးဖြင့် ခေါ်ဝေါ် လာကြလေသည်။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ ၏ လူယုံတော် အဖြစ်

ကိုယ်တော်မြတ် သည် “အလ်အမီးန်” ဟူသော ဂုဏ်ထူး ဖြင့်ထင်ရှားလာသောအခါ မက္ကဟ်မြို့ရှိ ချမ်းသောသော မုဆိုးမ တစ်ဦးဖြစ်သည့် ခဒီဂျဟ် ဘင်န်သိ ခုဝိုင်လိဒ် က သူမ ပိုင်ဆိုင်သော ကုန်စည်တို့အား ဆီးရီးယားသို့ သွားရောက် ရောင်းချကုန်သွယ်ရန် ကိုယ်တော်မြတ်အား ကမ်းလှမ်း၍ လူယုံတော်အဖြစ် ခန့်အပ်လိုက်လေသည်။ သူမသည် ဂုဏ်သရေရှိ ကုရိုက်ရှ် မိသားစုမှဖြစ်ပြီး ချမ်းသာကြွယ်ဝသော်လည်း အမျိုးသမီးဖြစ်သည့်အားလျော်စွာ သူမ၏ ကုန်စည်များအား နိုင်ငံရပ်ခြားသို့သွားရောက် ရောင်းချပေးရန် လူယုံတော် ခန့်အပ်လေ့ရှိသည်။

လုလင်ပျို မုဟမ္မဒ် သည် ခဒီဂျဟ် ၏ ကျွန်တစ်ဦးဖြစ်သည့် မိုင်စရဟ် နှင့်အတူ ကုန်စည်များ ကိုယူဆောင်၍ ဆီးရီးယားသို့ ခရီးထွက်လေသည်။ ထိုကုန်ခရီးသည် အလွန်အောင်မြင်ပြီးအလွန်အမြတ်အစွန်း ရ ခဲ့သောခရီးတစ်ခု ဖြစ်ခဲ့ပြီး မက္ကဟ်မြို့သို့ ပြန်ရောက်သောအခါ ရရှိခဲ့သမျှအမြတ်အစွန်းအားလုံးအား ခဒီဂျဟ် ထံသို့ အပ်နှံခဲ့လေသည်။

ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားတော်မူခြင်း

ခဒီဂျဟ် သည် သူမဘဝတွင် နှစ်ကြိမ် မုဆိုးမ ဖြစ်ခဲ့ ရရှာသူ တစ်ယောက်ဖြစ်သည်။သူမသည်ပထမဦးဆုံး အသီးက် ဘင်န် အရဲဒ် နှင့်လက်ထပ်ခဲ့ပြီး အသီးက် ကွယ်လွန် သောအခါ အဗူဟလာ နှင့် လက်ထပ်ခဲ့လေသည်။ အဗူဟလာ နှင့်သားတစ်ဦး ထွန်းကားခဲ့သည်။ အဗူဟလာကွယ်လွန်သောအခါ ကုရိုက်ရှ် မှ ခေါင်းဆောင်အသီးသီးတို့က သူမအား ထိမ်းမြားရန် ကမ်းလှမ်းခဲ့သည်။ သို့ရာတွင် သူမသည် မည်သူ၏ ကမ်းလှမ်း ချက်ကိုမှ လက်မခံခဲ့ပေ။ သူမ၏ ကျွန် မိုင်စရဟ် ထံမှမုဟမ္မဒ်၏ စာရိတ္တ၊ အရည်အချင်းနှင့် ပတ်သတ်သည့် လျှောက်တင်ချက်ကို ကြားရသည့် အခါသူမသည် မုဟမ္မဒ်အား သူမ၏ဘဝ ကြင်ဖော် အဖြစ် လက်တွဲရန် စဉ်းစားမိလေတော့သည်။ သို့နှင့် သူမ ၏ မိတ်ဆွေရင်းချာ ဖြစ်သူ နဖီစဟ် မှတစ်ဆင့် မုဟမ္မဒ် ထံ သတင်းပေါက်ကြားစေလိုက်တော့ သည်။ ကိုယ်တော်မြတ် သည် နဖီစဟ် ထံမှ တစ်ဆင့် ကြားရသော သတင်းစကားကို မူတည်၍သူ၏ ဦးလေးတော်များ နှင့်တိုင်ပင်လေသည်။

သူ၏ ဦးလေးများသည်လည်း အချင်းချင်းတိုင်ပင်ကြပြီးနောက် ခဒီဂျဟ် သခင်မ ၏ ဦးလေးဖြစ် သူ အမရ် ဘင်န် အဆဒ် ထံ မုဟမ္မဒ် ၏ မင်္ဂလာစကား ကို ကမ်းလှမ်းခဲ့ကြလေသည်။ အမရ်ဘင်န် အဆဒ် သည် ကမ်းလှမ်းချက်အား သူ၏ တူမတော် ကိုယ်စား ဝမ်းမြောက်စွာ လက်ခံလိုက်လေတော့သည်။ ကိုယ်တော်မြတ်သည် ခဒီဂျဟ်သခင်မ အား မင်္ဂလာဦး လက်ဆောင်အဖြစ်ကုလားအုပ် အကောင်နှစ်ဆယ် (အချို့ ပညာရှင် တို့ အဆိုအရ ကုလားအုပ် ခြောက်ကောင်) ပေးခဲ့လေသည်။ ဗနူဟာရှင်မ် အနွယ်ခေါင်း ဆောင်များနှင့် အခြား ကုရိုက်ရှ် ခေါင်းဆောင်များ ၏ရှေ့မှောက်တွင် လက်ထပ်ထိမ်းမြားခဲ့လေသည်။ အလ္လာဟ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် အဗူသွာလိဘ် သည် မင်္ဂလာဆုံးမစကား (ခုသ်ွဗဟ်) ကို မြွက်ကြားခဲ့လေသည်။ ဤသို့ဖြင့် ကိုယ်တော်မြတ် ဆီးရီးယား ခရီးမှ ပြန်ရောက်ရှိပြီး နှစ်လ နှစ်ရက်အနည်းငယ် အကြာတွင် ကိုယ်တော်မြတ် နှင့် ခဒီဂျဟ် သခင်မတို့ လက်ထပ်ထိမ်းမြား ခဲ့ကြလေသည်။ ထိမ်းမြားစဉ်က ကိုယ်တော်မြတ် ၏ သက်တော် မှာ နှစ်ဆယ့်ငါးနှစ် ရှိပြီး ခဒီဂျဟ် သခင်မ ၏ သက်တော်မှာ လေးဆယ်ရှိလေသည်။ (အချို့အဆိုအရ သူမ၏ သက်တော် နှစ်ဆယ့်ရှစ်နှစ်)။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ သည် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ပထမဦးဆုံးဇနီး ကြင်ရာတော် ဖြစ်ခဲ့သည်။ ခဒီဂျဟ် သခင်မ သက်တော်ထင်ရှားရှိစဉ် ကာလ တွင် ကိုယ်တော်မြတ်သည် အခြား မည်သူနှင့် မျှလက်ထပ်ထိမ်းမြား ခြင်းမပြုခဲ့ပေ။ ခဒီဂျဟ် သခင်မ သည် အိဗ်ရာဟီးမ် သခင်လေး မှလွဲ၍ ကိုယ်တော်၏ ရင်သွေးအားလုံး ၏ မိခင် ဖြစ်ခဲ့ပေ သည်။ မွေးဖွားရာအစဉ်အတိုင်း အမည်နာမတို့ကို ဖော်ပြရသော် ကာစင်မ်သခင်လေး၊ ဇိုင်ယ်နဗ်သခင်မ၊ ရုကိုင်ယ်ယဟ်သခင်မ၊ အုမ်မိကုလ်စူးမ်သခင်မ၊ ဖွာသိမဟ် သခင်မ၊ အဗ်ဒုလ္လာဟ် သခင်လေးတို့ဖြစ် ကြ လေသည်။ အိဗ်ရာဟီးမ် သခင်လေးသည် မာရိယဟ် ကိဗ်သွိယာ (ကော့ပ်တစ် မေရီ) နှင့် ကိုယ်တော်မြတ် တို့၏ ရင်သွေးဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ သားတော်အားလုံးတို့သည် ကလေးဘဝ ၌ပင် ကွယ်လွန် ခဲ့ကြပြီး ကိုယ်တော်မြတ် ၏ သမီးတော် သုံးပါးစလုံးသည် သူမတို့ ဖခင်၏ တမန်တော်ဘဝကို ကြုံကြိုက် ခဲ့ကြလေသည်။ အားလုံးသောသမီးတော် တို့သည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ကြပြီး မဒီနဟ် သို့ဟိဂ်ျရသ်ပြုခဲ့သူများတွင် အပါအဝင်ဖြစ်ခဲ့ကြသည်။ သမီးတော် ဖွာသွိမဟ် သခင်မ မှ လွဲ၍ ကျန် သမီးတော်နှစ်ပါးမှာ ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်ပင် ကွယ်လွန် ခဲ့ကြသည်။ ကိုယ်တော်မြတ် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ကြွမြန်းတော်မူပြီး ခြောက်လ အကြာတွင် သမီးတော်ဖွာသိမဟ် ကွယ်လွန်ခဲ့လေ သည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

(၉)။ – “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု

ကိုယ်တော်မြတ်၏ သက်တော် သုံးဆယ့်ငါးနှစ် အရွယ်တွင် ရေလွှမ်းမိုးမှုကြီး တစ်ခုကြောင့် ကအ်ဗဟ် ကျောင်းတော် ပျက်စီးယိုယွင်း ခဲ့ရ လေသည်။ ကအ်ဗဟ် ကျောင်းတော် နံရံများသည် ရေမလွှမ်းမိုးမှီအလျှင်က ဖြစ်ပွါးခဲ့သော မီးလောင်မှု တစ်ခု ကြောင့် အတန် ပျက်စီးနေခဲ့ပြီး ရေလွှမ်းမိုးသည့်ဒဏ်ကြောင့်ပို၍ ပျက်စီးသွားခဲ့လေသည်။ ကုရိုက်ရှ် တို့အထွတ်အမြတ်ထားရာ အဆောက်
အအုံ သည်ပြိုကျ ပျက်စီးတော့မည့် အလားပင်။

သူတို့အထွတ်အမြတ်ထားရာ အဆောက်အအုံ ပြိုကျ ပျက်စီးမည့် အရေးကို စိုးရိမ်ပြီး ကုရိုက်ရှ် တို့သည် ကအ်ဗဟ် ကျောင်းတော်ကို ပြန်လည် မွမ်းမံ တည်ဆောက်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ကအ်ဗဟ် ကျောင်းတော် ပြန်လည် မွမ်းမံ တည်ဆောက် သည့် စီမံကိန်း တွင် ပြည့်တန်ဆာလုပ်ငန်း၊အတိုးအညွန့်စားခြင်း၊ မတရားရယူထားသော ငွေကြေး၊ ပစ္စည်း စသည်တို့ကို လုံးဝမပါဝင်စေရဟု စည်းကမ်းသတ်မှတ် ခဲ့ကြသည်။

ကအ်ဗဟ် ကျောင်းတော် ကို မွမ်းမံတည်ဆောက်ရန် နံရံများကို ဖြိုချရမည် ဖြစ်ရာ၊ထိုသို့ဖြိုချ လျှင် အလ္လာဟ်အရှင်မြတ်သည် ကျောင်းတော်အား လက်ရောက်သူ အား ပြစ်ဒဏ် ခတ်မည်ကို စိုးရိမ် မိခဲ့ကြသည်။ သို့သော်ဝလီးဒ် ဘင်န် မုဂီရာ ဆိုသူက “အလ္လာဟ် အရှင်မြတ်သည် ကအ်ဗဟ် ကျောင်းတော် ကိုပြုပြင်ထိန်းသိမ်းရန် ရည်ရွည်ချက်ဖြင့် လက်ရောက်သူတို့အားပြစ်ဒဏ်ခတ်မည် မဟုတ်” ဟုကျွေးကျော်ပြီး ကအ်ဗဟ် နံရံကို ဖြိုချ ရန် ပထမဦးဆုံး အားထုတ်ခဲ့သူဖြစ်သည်။ ဝလီးဒ် ၏ အားထုတ်မှု နှင့် အလ္လာဟ့် ထံမှ မည်သို့သော အပြစ်ဒဏ် မှ မကျရောက်သည်ကို တွေ့ရှိပြီးကျန်သူများကပါကအ်ဗဟ် နံရံများအား စတင် ဖြိုချကြလေတော့သည်။ ကအ်ဗဟ် ကျောင်းတော်၏ နံရံ တို့အား တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) တည်ခဲ့သော အုတ်မြစ်ပေါ်လာသည်အထိ အောင်မြင်စွာ ဖြိုချ နိုင်ခဲ့ကြလေသည်။
၎င်းနောက် မျိုးနွယ်စု အသီးသီးအတွက် သက်ဆိုင်ရာ တာဝန်များချမှတ်ပြီး ကအ်ဗဟ် ကျောင်းတော်တည်ဆောက်သည့် လုပ်ငန်းကို စတင်ခဲ့ကြတော့သည်။ လူအများထဲမှ ဂုဏ်သရေရှိ လူများသည်ကျောက်တုံးများကို သယ်ယူလာကြပြီးကျောင်းတော်အနီးတွင် ပုံထားကြလေသည်။ ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် အဗ္ဗားစ်နှင့် အတူကျောက်တုံးသယ်သည့်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဘကူးမ် အမည်ရှိ ရောမ လူမျိုး ပန်းရန် ပညာရှင်သည် ကအ်ဗဟ် ကျောင်းတော် တည်ဆောက်ရာအလုပ်တွင် ဦးဆောင်ခဲ့သည်။ ကုရိုက်ရှ်တို့သည် ကအ်ဗဟ် ကျောင်းတော်ကို အပြီးသတ် တည်ဆောက်ရန် လိုအပ်သော ငွေကို မစုဆောင်း နိုင်ခဲ့သဖြင့် မြောက်ဖက်နံရံနေရာတစ်ခုတွင် ကိုးပေခွဲခန့် ဧရိယာကိုသာ လွှမ်းခြုံနိုင်သော နံရံလေး တစ်ခုသာ တည်ဆောက်နိုင်ခဲ့ပြီး ထိုနံရံလေးအား ဟိဂ်ျရ် အိစ်မာအီလ် ဟုခေါ်ဆိုခဲ့ကြသည်။ နံရံတည်ဆောက်ရင်း အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) ထားရှိမည့် နေရာသို့ရောက်သောအခါ အငြင်းပွါးမှု တစ်ရပ် စတင်လေတော့သည်။
အားလုံးသော အနွယ်ခေါင်းဆောင်တို့က ကျောက်နက်တုံး ကို ကျောင်းတော်နံရံတွင်း ထည့်သွင်းသည့်တာဝန်ကို ယူလိုကြသည်။ ဤ အငြင်းပွါးမှုသည် လေးငါးရက်ခန့်ကြာမြင့်လာပြီး သွေးထွက်သံယို ဖြစ်ကြမည့် အခြေအနေ သို့ပင်ဆိုက်ရောက်ခဲ့ပေသည်။ထိုစဉ် လူအများထဲမှ အသက်အရွယ်အကြီးဆုံးဖြစ်သော အဗူ အုမိုင်ယ်ယာက အငြင်းပွါးမှုကို ပြေလည်စေမည့် အကြံပေးချက် တစ်ခုကို တင်ပြခဲ့လေသည်။သူ ၏ အကြံပေးချက်ကို အားလုံးက သဘောတူခဲ့လေသည်။ ထိုအကြံပေးချက်ကား ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာမည့် သူအား အငြင်းပွါးမှုကို ဖြေရှင်းရန်အာဏာလွှဲအပ်ရမည်ဟူ၍ပင်။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရ ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာသူသည် ကိုယ်တော်မြတ် ဖြစ်နေလေသည်။
“ဟာ-မုဟမ္မဒ်ပါလား!!! သူက သစ္စာရှင် ဘဲ၊ ဒီတော့တို့အားလုံး သူ့ရဲ့ အဆုံးအဖြတ်ကို ခံယူကြမယ်”။ လူတို့က ဤသို့ ရေရွတ်ခဲ့ကြသည်။ သို့နှင့် ကိုယ်တော်မြတ်အားအကျိုးအကြောင်းရှင်းပြ ခဲ့ကြပြီးနောက် ကိုယ်တော်မြတ်က ပိတ်စ ကြီးကြီး တစ်စယူလာရန်ပြောလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် ကျောက်နက်တုံးအားထိုပိတ်စပေါ်တွင် တင်ထားခိုင်းပြီး မျိုးနွယ်အသီးသီး၏ ခေါင်းဆောင် အသီးသီးတို့အား ပတ်စကြီး၏အနားသတ်များကို ကိုင်ခိုင်းပြီး ပိတ်စကြီးအား တစ်ညီတစ်ညွတ်တည်း မခိုင်းလိုက်လေသည်။ ခေါင်းဆောင်အားလုံးတို့က ကျောက်နက်တုံးကို တင်ထားသော ပိတ်စကြီးအားမပြီး ကျောက်နက်တုံး ထည့်သွင်းမည့် နံရံ ပေါက် အား တည်ပြီးသော်၊ ကိုယ်တော်မြတ်သည် ယင်း ကျောက်နက်တုံး အားသူ၏လက်တော်တို့ဖြင့်
နံရံပေါက်တွင်းသို့ တွန်းသွင်းလိုက်လေတော့သည်။ ကိုယ်တော်မြတ် ၏ ဤဆုံးဖြတ်ချက်နှင့် အမှုကို ခေါင်းဆောင်အားလုံးက အလွန်ကျေနပ် ပျော်ရွှင်ခဲ့ကြလေသည်။ ဤသို့ဖြင့်ကိုယ်တော်မြတ်သည် အလ်ဟဂ်ျရ်အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု ကြီးကို ဖြေရှင်းပေးခဲ့သည်။

Posted by Infomation Of Muslim

Advertisements

About puresunni

I like this site.
This entry was posted in Untags. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s